K နဲ့ E ကြောင့် အပျော်ကနေ အပျက်မဖြစ်စေလို
အခုခေတ်စားနေတဲ့ K တို့ E တို့က လူငယ်တွေရဲ့ တစ်ခဏတာ ပျော်ရွှင်မှုကို တကယ်ဖြည့်ဆည်းပေးနိုင်မှာလား?
K နဲ့ E ကိုတော့ အများစု ကြားဖူးနေကြမယ်လို့ ထင်ပါတယ်။ လူငယ်တွေ ကျင်လည်နေတဲ့ Party တွေ EDM ပွဲတွေနဲ့ Night club တွေမှာ ရနိုင်တဲ့ K နဲ့ E က တကယ်တော့ မူးယစ်ဆေးတွေပဲ ဖြစ်ပါတယ်။ ဒီဆေးတွေကို လူငယ်တွေအနေနဲ့ သုံးစွဲမှုများလာပြီး အတော်လေး ရေပန်းစားလာပြီ ဖြစ်ပါတယ်။
အရင်က ဆေးပညာမှာ အသုံးပြုခဲ့တဲ့ K နဲ့ E ဟာ နောက်ဆက်တွဲ အန္တရာယ်နဲ့ ဘေးထွက်ဆိုးကျိုးကြောင့် တားမြစ်ခဲ့ပေမယ့် အခုတော့ လူငယ်တွေကြားထဲ တဖန်ပြန်ပြီး တလွဲသုံးဖြစ်လာကြပါပြီ။
လူငယ်သဘာဝ အပျော်သဘောမျိုး သုံးစွဲကြသလို အပေါင်းအသင်းကြောင့် လက်တည့်စမ်းကြတာလဲ ရှိပါတယ်။ ဒီအချိန်မှာ နောက်ဆက်တွဲ ပြဿနာတွေကို စတင်ကြုံရပါတော့တယ်။
K နဲ့ E ရဲ့ ထူးခြားချက်က လက်ရှိလောကကို ခဏမေ့ထားနိုင်တဲ့ အစွမ်းရှိတဲ့အပြင် တီးလုံးသံတွေနဲ့ အလိုက်သင့် မျောပါစေပါတယ်။ ဒါ့ကြောင့်လဲ လူငယ်အများစုဟာ ခံစားနေရတဲ့ စိတ်ခံစားချက်တွေ၊ စိတ်ဓါတ်ကျမှုတွေကို K နဲ့ E နဲ့ ဖြေဖျောက်ပြီး ခဏတာပျော်ရွှင်မြူးတူးမှုကို ရှာဖွေကြပါတယ်။
အစပိုင်းမှာ စမ်းသပ်ရုံပဲဆိုပေမယ့် တဖြေးဖြေးချင်း ဒီဆေးတွေကို စွဲလမ်းမိရာကနေ မထင်မှတ်ထားတဲ့ ဆိုးကျိုးတွေ ကြုံလာရပြီး အပျော်ကနေ အပျက်ဖြစ်လာရပါတော့တယ်။
K ဆိုတဲ့ ကတ်တမင်း (Ketamine)
K ဆိုတဲ့ ကတ်တမင်း (Ketamine) ဟာ အစပိုင်းမှာ မသိသာပေမယ့် ရေရှည်သုံးစွဲမိရာက စွဲလမ်းမိတဲ့အခါမှာတော့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်တဲ့
- စိတ်တိုတာ၊
- စိတ်ရှုပ်ထွေးတာ၊
- စိတ်ကစဉ့်ကလျားဖြစ်တာ၊
- ကယောင်ကတမ်းပြောတာနဲ့
- နှလုံးခုန်မြန်တာတွေအထိ ခံစားရနိုင်ပါတယ်။
E ဆိုသော အက်စတာစီ (Ecstasy)
E အက်စတာစီ Ecstasy ဆိုတဲ့ Molly ရဲ့ ဆိုးကျိုးကလဲ
- စိတ်ကျန်းမာရေးထိခိုက်တာ၊
- စိတ်ဂဏှာမငြိမ်တာ၊
- စိတ်စုစည်းရ ခက်တာ၊
- လိင်စိတ်တွေ တက်ကြွလာတာ ဖြစ်နိုင်ပါတယ်။
ဒီလို စိတ်ပိုင်းဆိုင်ရာ စွဲလမ်းမှုနဲ့ ဆိုးကျိုးတွေကြုံတွေ့ရပြီးနောက် အချိန်ကြာလာတာနဲ့အမျှ ဘေးထွက်ဆိုးကျိုးအနေနဲ့
- နှလုံးနဲ့ ကျောက်ကပ် ပျက်စီးတာ၊
- ခန္ဓာကိုယ်အတွင်း ရေဓာတ်ခမ်းခြောက်လာတာ၊
- ဦးနှောက်သွေးယိုတာ၊
- ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးတာနဲ့
- အသက်ဆုံးရှုံးတဲ့အထိ ဖြစ်စေနိုင်တာကြောင့် အသက်အန္တရာယ်ကိုပါ ထိခိုက်လာနိုင်ပါတယ်။
ဒါ့ကြောင့် အပေါင်းအသင်းက ဆွယ်လို့ပဲဖြစ်ဖြစ် ကိုယ်တိုင်က စိတ်ပါလို့ပဲ ဖြစ်ဖြစ် ဒီဆေးတွေကို သွားမစမိဖို့ လိုပါတယ်။ တကယ်လို့ စမိရင်လဲ စွဲလမ်းတဲ့ အဆင့်၊ မသုံးစွဲရ မနေနိုင်တဲ့အဆင့်အထိ မဖြစ်အောင် ကိုယ့်ကိုယ့်ကိုယ် ထိန်းချုပ်ဖို့ အရေးကြီးပါတယ်။ K နဲ့ E အပါအဝင် တခြားမူးယစ်ဆေးတွေကြောင့် ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ ဆိုးကျိုးတွေ ရင်ဆိုင်နေရတယ်၊ အကူအညီလိုနေတယ်ဆိုရင် တတ်ကျွမ်းနားလည်တဲ့ ပညာရှင်နဲ့ သေချာတိုင်ပင်ဆွေးနွေးကုသဖို့ အရေးကြီးကြောင်း မျှဝေလိုက်ရပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)